ယဉ်ကျေးမှုမတူညီကွဲပြားမှုကြောင့် အံ့အားသင့်ခြင်း (Culture Shock)
မိမိ အမြဲနေထိုင်ကြီးပြင်းခဲ့တဲ့နေရာ ဒေသမဟုတ်တဲ့ ပြင်ပ နိုင်ငံ ၊ နေရပ်တစ်ခုခုကို အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်ရတဲ့အခါ ယဉ်ကျေးမှုမတူညီမှုကြောင့် အံ့အားသင့်ခြင်း (Culture Shock) တွေကို လူတိုင်း ကြုံတွေ့ရလေ့ရှိပါတယ်။
ပြည်တွင်းမှာပဲ အခြားတစ်မြို့တစ်ရွာမှာ ရွှေ့ပြောင်းနေထိုင်တာပဲဖြစ်ဖြစ်၊
ပြည်ပမှာ သွားရောက် ပညာလေ့လာသင်ကြားတာပဲ ဖြစ်ဖြစ်၊ အလုပ်ခွင်ဝင်တာပဲဖြစ်ဖြစ်
အမျိုးမျိုးသော အခြေအနေမှာ မတူညီတဲ့ပုံစံများဖြင့် Culture shock တွေကို ကြုံတွေ့ရနိုင်ပါတယ်။ လူတစ်ဦးက ကိုယ်မသိကျွမ်း မရင်းနှီးတဲ့ ယဉ်ကျေးမှု၊ လူနေမှုပုံစံ သို့မဟုတ် အမြင် သဘောထားများနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ လမ်းလွဲနေသလို ၊ တစ်ခုခုလွဲမှားနေသလို၊
ထွက်ပြေးချင်သလို၊ အထီးကျန်သလို ခံစားရခြင်းမျိုးတွေ ဖြစ်လေ့ရှိတတ်ပါတယ်။
ယဉ်ကျေးမှုမတူညီမှုကြောင့် အံ့အားသင့်ခြင်း (Culture Shock) နဲ့ ဆက်စပ်တဲ့ ယေဘူယျခံစားချက်များ ထဲက အချို့ကတော့
- မွေးဖွားကြီးပြင်းခဲ့တဲ့ နေရပ်ဌာနေ၊ ဒေသ၊ နိုင်ငံ ကိုလွမ်းဆွတ်ခြင်း
- မတူညီတဲ့အရာတွေ အစားအသောက်၊ ယဉ်ကျေးမှု၊ ရာသီဥတု၊ ဘာသာစကား စသဖြင့်တွေအပေါ် စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ မကျေနပ်ခြင်း
- မတူညီမှုတွေကြောင့် စိုးရိမ်ပူပန်ခြင်းနှင့် တခါတရံ စိတ်ဓာတ်ကျခြင်းရောက်နေတဲ့ နိုင်ငံရဲ့ မတူညီမှုတွေကို ပြစ်တင်ဝေဖန်ချင်သော ခံစားချက်များ
- လက်လျှော့လိုက်ချင်တဲ့ ဆန္ဒဖြစ်ခြင်း
- ကန့်သတ်မှုတွေရှိနေတဲ့အပေါ် စိတ်ညစ်ခြင်း
စတာတွေဖြစ်လေ့ရှိပါတယ်။
ယဉ်ကျေးမှုမတူညီမှုကြောင့် အံ့အားသင့်ခြင်း (Culture Shock) တွေကို ကိုင်တွယ် ဖြေရှင်းရင်း မတူညီမှုတွေနဲ့ ယှဉ်တွဲနေထိုင်သွားဖို့ ကြိုးစားတဲ့အခါ သုံးကြည့်သင့်တဲ့ နည်းလမ်းတွေအကြောင်း နောက် စာစုတွေမှာဆက်လက်ပြောပြသွားပါမယ်။ ဖတ်ရှူပေးလို့ကျေးဇူးတင်ပါတယ်။ ရေးသားသူကို ရည်ညွှန်းချက်မပေးဘဲ ကူးယူခြင်းမပြုလုပ်ဖ်ို့လည်းတောင်းဆိုပါရစေ။