တက္ကသိုလ်တွေရဲ့ အဆင့် ranking ကိုယ်ရခဲ့တဲ့ဘွဲ့ရဲ့ အထူးပြု ဘာသာရပ် အရေးကြီးလား?
ဘယ်ကိစ္စမဆို အဖြူ သို့မဟုတ် အမည်း ဆိုပြီး အဖြေက တစ်ခုပဲ ထီးထီးကြီးရှိနေတာမဟုတ်လို့။ တရားသေဆွဲကိုင်ထားစရာ အဖြေက တစ်ခုပဲ ရှိမနေပါဘူး။ တစ်ကိုယ်ရည်လူတစ်ဦးခြင်းအပေါ်မူတည်လို့ ရှုမြင်ပုံအမျိုးမျိုးကွဲပြားနိုင်ပါတယ်။
စာသင်ခန်းထဲက တတ်မြောက်လာတဲ့ ပညာရပ်တစ်ခုကိုသာ ပညာရေးလို့ခေါ်ဆိုနိုင်တာမဟုတ်လို့။
ဘွဲ့ဒီဂရီတွေမရှိလည်း၊ နာမည်ကြီး တက္ကသိုလ်ကကျောင်းမပြီးလည်း ဘဝမှာ ထူးချွန်အောင်မြင်နေသူတွေ အများကြိီးရှိပါတယ်။ ဒါက တစ်ဦးခြင်းဆီ ကြိုးစားအားထုတ်မှု ၊ တတ်ကျွမ်းမှု၊ စိတ်ဓာတ် ၊ ကံတရားကူညီထောက်ပံ့မှုနဲ့လည်းဆိုင်ပါသေးတယ်။ ကံဆိုတာလည်း အလုပ်မို့၊ အလုပ် ကံကောင်းတယ် တစ်နေရာရာမှာ ကံသာတယ်ဆိုတာ အလုပ်ဖြစ်စေနိုင်တဲ့ အရာတွေကိုယ်က ပြင်ဆင်ထားခဲ့လို့ပါပဲ။
နာမည်ကြီး တက္ကသိုလ်ကကျောင်းမပြီးလည်း လူဖြစ်မရှုံးသလို၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည် တိုးတက်နိုင်စွမ်း ယုတ်လျော့သွားတာမဟုတ်ပါဘူး။ကျောင်းပြီးသွားတိုင်း စာတတ်တာမဟုတ်သလ်ို ဘွဲ့တသီကြီးယူပြီးစာရွက်တွေရှ်ိတိုင်းလည်း အလုပ်လုပ်တတ်တာမဟုတ်ပါဘူး။
စာတွေ့အတတ် မပါတဲ့ လက်တွေ့အလုပ်တွေကအားနည်းချက်တွေရှိသလို လက်တွေ့မြေပြင်ကိုထည့်မစဉ်းစားထားတဲ့ စာပဲတတ်နေလို့လည်း အလုပ်မဖြစ်ပါဘူး။ Theory နားလည်မှုပါဝင်တဲ့ best practices တွေကသာ ဟန်ချက်ညီစေတာပါ။
နိုင်ငံတကာမှာ ဘွဲ့ကြိုအဆင့်ဆိုတာ အခြေခံတွေကို လေ့လာရတာမို့ ဘာလုပ်ရမှန်းမသိသေးဘဲ ဒုတိယစာသင်နှစ်ကုန် လောက်ရောက်မှ ကိုယ့်ဘွဲ့ယူမဲ့ အဓိကဘာသာရပ်ကို ဆုံးဖြတ်လို့ရပါတယ်။
ဘယ် အထူးပြုဘာသာရပ်နဲ့ဘွဲ့ရရ ပြည်တွင်း စနစ်အခြေအနေအရ အသုံးမဝင်လှဘူးဆိုပေမဲ့ ကမ္ဘာ့စာမျက်နှာမှာတော့ အနည်းငယ်အရေးကြီးပါတယ်။
ထည့်သွင်းစဉ်းစားစရာ အချက်တစ်ခုအဖြစ် မျှဝေဖို့ ဒီစာစုကိုရေးပါတယ်။
တက္ကသိုလ် ranking တွေဟာ ပါဝင်သူပတ်သက်သူအမျိုးမျိုးအတွက် အရေးပါပါတယ်။
**အရေးပါရခြင်း အကြောင်းရင်းများ**
* **ကျောင်းသား/သူ များ**
ကျောင်းသား/သူများ တက္ကသိုလ်ရွေးချယ်ရာမှာ လွယ်ကူစေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ သုတေသနထွက်ရှိမှု၊ ပါမောက္ခတွေရဲ့ အရည်အသွေးနဲ့ ကျောင်းသားတွေရဲ့ စိတ်ကျေနပ်မှုစတဲ့ အချက်တွေအပေါ် အခြေခံပြီး လွယ်လွယ်ကူကူ ရရှိနိုင်တဲ့ နှိုင်းယှဉ်စံနှုန်းတစ်ခုကိုပေးပါတယ်။
အဆင့်မြင့်တဲ့ တက္ကသိုလ်တွေရဲ့ နာမည်ဂုဏ်သိက္ခာကြောင့် ကျောင်းပြီးတဲ့အခါအလုပ်အကိုင်အခွင့်အလမ်း ပိုကောင်းလာနိုင်ပါတယ်။
* **မိဘများ**
မိဘတွေက သူတို့ရဲ့ သားသမီးတွေ တက္ကသိုလ်ရွေးချယ်ရာမှာ အရည်အသွေးကိုတိုင်းတာချက်တစ်ခုအဖြစ် သုံးပြီး သားသမီးတွေရဲ့ ပညာရေးမှာ “ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု” ဖြစ်စေဖို့ တက္ကသိုလ် အဆင့်သတ်မှတ်ချက် ranking တွေကို မှီခိုပြီး ဆုံးဖြတ်ချက်ချ နိုင်ပါတယ်။
* **ပါမောက္ခများ**
အဆင့်မြင့်တဲ့ တက္ကသိုလ်တွေက ထိပ်တန်း သုတေသီတွေနဲ့ ပါမောက္ခတွေကို ဆွဲဆောင်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂုဏ်သိက္ခာကောင်းပြီး အရင်းအမြစ် ကောင်းမွန်တဲ့ တက္ကသိုလ်တွေကို ပါမောက္ခတွေကကြိုက်နှစ်သက်ကြလို့ပါ။ ဒါက ကျောင်းသားတွေအတွက် ပိုမို ကောင်းမွန်တဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
* **အလုပ်ရှင်များ**:
အလုပ်မှာ လူရွေးချယ်ခန့်အပ်သူတွေက ဘွဲ့ရတဲ့သူရဲ့ စွမ်းရည်ကို တိုတိုတုတ်တုတ် ညွှန်ပြတဲ့ လက္ခဏာအဖြစ် အဆင့်သတ်မှတ်ချက်တွေကို သုံးတတ်ကြပါတယ်။ ယုံကြည်စရာ မကောင်းသော်လည်း အဆင့်မြင့်တဲ့ တက္ကသိုလ်က ဘွဲ့ရတာက ကိုယ်ရဲ့ competitive advantage ကို ဆတိုးစေပါတယ်။
တက္ကသိုလ်တွေရဲ့ အဆင့်သတ်မှတ်ချက်ကို ကြည့်လို့ရတဲ့ ယုံကြည်ရတဲ့ website link တွေ ထည့်ပေးလိုက်ပါတယ်။ နှစ်တိုင်းအပြောင်းအလဲရှိတတ်ပါတယ်။ တက္ကသိုလ်တွေကြားက တာဝေးပြေးပွဲတစ်ခုပါပဲ။ အဆင့်ကိုထိန်းထားဖို့ အဆင့်ကောင်းမှာမြဲနေဖို့ အမြဲကြိုးစားနေရတာပါ။
https://www.topuniversities.com/world-university-rankings
ဖတ်ရှူပေးလို့ကျေးဇူးတင်ပါတယ်။ ရေးသားသူကို ရည်ညွှန်းချက်မပေးဘဲ ကူးယူခြင်းမပြုလုပ်ဖ်ို့လည်းတောင်းဆိုပါရစေ။